For better opportunities
အလုပ်သစ်တစ်ခုကို ပြောင်းလျှောက်ဖို့ စိတ်ကူးနေပြီဆိုရင် ဒီ (5) ချက်ကို ပြင်ဆင်ထားပါ…
လက်ရှိအလုပ်မှာ အဆင်မပြေမှုတွေများနေလို့ ဒါမှမဟုတ် အတွေ့အကြုံသစ်တွေလိုချင်နေလို့ စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် အလုပ်သစ်တစ်ခုပြောင်းလျှောက်ဖို့ စိတ်ကူးနေပြီဆိုရင်တော့ မဖြစ်မနေပြင်ဆင်ထားရမယ့် ကိစ္စလေးတွေရှိနေပါတယ်။
- ကိုယ့်ရဲ့ Social Media အကောင့်တွေကို ပြန်စီစစ်ပါ။
ဒီဘက်ခေတ်မှာ အလုပ်ခန့်တဲ့လူတွေဟာ ကိုယ့်ရဲ့ Social Media account တွေကို လေ့လာတာတွေလည်းရှိတတ်ပါတယ်။ အထူးသဖြင့် Linkedin လိုမျိုးမှာ ကိုယ့်ရဲ့ Information တွေကို Update လုပ်ထားသင့်ပါတယ်။
- ကိုယ်ပြောင်းလျှောက်မယ့် ကုမ္ပဏီအကြောင်း စုံစမ်းပါ။
ကိုယ်အသစ်ပြောင်းလျှောက်မယ့် ကုမ္ပဏီအကြောင်း အနည်းအကျဉ်းတော့ သိထားဖို့လိုအပ်ပါတယ်။ ကုမ္ပဏီဝက်ဆိုက်ကို ဝင်ကြည့်တာမျိုး၊ အဲဒီမှာရှိနေတဲ့ ဝန်ထမ်းတွေနဲ့ ကုမ္ပဏီအကြောင်း တီးခေါက်ကြည့်တာမျိုး လုပ်ထားပါ။ ကုမ္ပဏီနဲ့ သက်ဆိုင်တဲ့ သတင်းတွေဖတ်ထားပါ။ ဒါတွေက ကိုယ့်ကို အင်တာဗျူးမှာ အထောက်အပံ့ပေးပါလိမ့်မယ်။
- ကိုယ်လျှောက်မယ့် ရာထူးအတွက် ပြင်ဆင်ထားပါ။
ကိုယ်က ဘယ်လိုရာထူးမျိုးအတွက် လျှောက်မှာလဲ၊ ဒီအလုပ်သစ်ဟာ လက်ရှိ ကိုယ်လုပ်နေတဲ့ အလုပ်နဲ့ ဘာတွေကွာခြားမှုရှိသလဲ ။ ကိုယ့်မှာကော ဖြည့်စွက်ဖို့ လိုအပ်နေတဲ့ Skills တွေက ဘာတွေဖြစ်မလဲ စတဲ့အချက်တွေကို သုံးသပ်ပြီး ပြင်ဆင်ထားပါ။
- ကိုယ့်အထက်လူကြီးဖြစ်လာမယ့်သူကို စုံစမ်းထားပါ။
ကိုယ်လျှောက်မယ့် အလုပ်သစ်မှာ ကိုယ့်ရဲ့ အထက်လူကြီးဖြစ်လာမယ့်သူက ဘယ်သူဖြစ်မလဲဆိုတာကို စုံစမ်းထားပါ။ သိပြီဆိုရင် အလုပ်လျှောက်လွှာတင်တဲ့အခါ HR Department ကိုသာမက သူ့ရဲ့ မေးလ်ကိုပါ အလုပ်လျှောက်လွှာတင်တာက ပိုပြီးထိရောက်သလို ကိုယ့်အလုပ်လျှောက်လွှာကိုလည်း သတိထားမိပြီးသားဖြစ်သွားပါလိမ့်မယ်။
- အလုပ်လျှောက်လွှာကို သေချာပြင်ဆင်ပါ။
နောက်ဆုံးအဆင့်ဖြစ်တဲ့ အလုပ်လျှောက်ခြင်းအဆင့်ကတော့ အရေးကြီးဆုံးပါပဲ။ အလုပ်လျှောက်တဲ့အခါ တစ်ဖက်က ကိုယ့်ကို သဘောကျနှစ်ခြိုက်ပြီး လျှောက်ထားတဲ့အလုပ်နဲ့ ကိုက်ညီမှုရှိတဲ့သူဖြစ်အောင် အလုပ်လျှောက်လွှာကို သေချာပြင်ဆင်ထားဖို့လိုအပ်ပါတယ်။ Resume နဲ့ cover letter တွေမှာ ကိုယ့်ရဲ့ အရည်အချင်း ၊ လုပ်နိုင်စွမ်းရည်တွေနဲ့ လုပ်ငန်းအတွေ့အကြုံတွေကို ထင်သာမြင်သာအောင် ရှင်းလင်းတိကျစွာဖော်ပြပေးထားဖို့ လိုအပ်ပါတယ်။
ဒီအချက် (၅) ချက်ကိုသာ သေချာပြင်ဆင်ထားမယ်ဆိုရင် ကိုယ်ပြောင်းချင်တဲ့ အလုပ်သစ်ကို ရရှိသွားနိုင်မှာသေချာပါတယ်။ တစ်ဆက်တည်းမှာပဲ ကိုယ့်ရဲ့ အလုပ်သစ်မှာ ကိုယ့်ရဲ့ Skills တွေ၊ Performance ကောင်းကောင်းပြနိုင်ဖို့ ဘာတွေ လုပ်ရမလဲဆိုတာလည်း ကြိုတင်စဉ်းစားပြင်ဆင်ထားမယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။